Wednesday, June 9, 2010

နိုင်ငံတော် ကိုးဘွဲ့ရဆရာတော် အရှင်အာစရာလင်္ကာရ တရားပွဲ

စင်္ကာပူနေ လူကြီးလူငယ် သူတော်ကောင်းအပေါင်းတို့ရှင်; ;;)

ဂန္ထ၀ါစကပဏ္ဏိတ၊ သဒ္ဓမ္မဇောတိကဓဇ၊သာသနာပြုနယ်လှည့်ဓမ္မကထိက နိုင်ငံတော် ကိုးဘွဲ့ရဆရာတော် အရှင်အာစရာလင်္ကာရ (စစ်ကိုင်းရွှေဟင်္သာ)

စင်္ကာပူမှာ တရားဟောကြွရောက်ပါမည်။
တရားနာလိုသူများ ကြွရောက်ကြပါရန်။

03.07.10 Saturday 6:00 pm to 7:45pm => (Toa Payoh မြန်မာဘုန်းကြီးကျောင်း)
.................................................................................................................

Imformatic Jurong East

06.07.2010 Tuesday 7:00pm to 9:00pm
07.07.2010 Wednesday 7:00pm to 9:00pm
10.07.2010 Saturday 5:00pm to 9:00pm
11.07.2010 Sunday 5:00pm to 7:00pm

အသေးစိတ်သိလိုသူများ ဆက်သွယ်ကြပါ.......

Saturday, June 5, 2010

ပညာကုသိုလ် စုပေါင်းကူ

တာဝန်မကျေဘူး ပြောရင်လဲ ခံရမှာပဲ။ ဒီဘလော့လေးကို ကိုယ်တိုင်တောင် ဖွင့်မကြည့်မိတာ ဘယ်နှလရှိပြီလဲ မသိဘူး။ နီးစပ်ရာလေးတွေအလှူခံလိုက် ကိုယ့်ဟာကိုယ် ပိုက်ဆံလေးတွေ စုပို့လိုက် ပစ္စည်းလေးတွေ ၀ယ်ပို့လိုက်နဲ့။ မိသားစုကိစ္စ အလုပ်ကိစ္စနဲ့ post လဲ အသစ်မတင်ဖြစ်ဘူး..။

ဒီနေ့ အသိတစ်ယောက်က သူ့ဟာသူ ကလေးတွေကို တစ်ရာလောက်လှူပေးပါဆိုမှပဲ ပိုက်ဆံလွှဲဖို့လုပ်ရင်း စဉ်းစားထားတာလေး အကောင်အထည်ဖော်ဖို့လုပ်ရတယ်။ မင်္ဂလာသာစည်ကျောင်းလေးလဲ အခုဆို တခြားလာလှူဒါန်းတဲ့သူတွေက ကျောင်းလေးတွေ တနိုင်ဆောက်ပေးကြနဲ့ ကျောင်း၆ကျောင်းထဲက တချို့ကျောင်းလေးတွေကတော့ ကျောင်းရုပ်လေးတွေ ထွက်လာကြပါပြီ။ ဒါပေမဲ့ ဘုန်းဘုန်းဆီက ကြားရတာက.. မင်္ဂလာသာစည်ကျောင်းလေးက ၆တန်း ၇တန်းထိ ပညာသင်ပေးလိုက်နိုင်ပေမဲ့ ထူးချွန်တဲ့ ကလေးဟာ ငွေကြေးအခက်အခဲကြောင့် ကျောင်းဆက်တက်နိုင်ဖို့က အရမ်းခက်ခဲသွားကြတဲ့အပြင် မိသားစုတာဝန်ပါ ယူလာရတာတွေကြောင့် ပညာရေးဆုံးခန်းမတိုင်ကြတော့ပါဘူး။ အဲဒီကလေးတွေအတွက် တက်နိုင်သမျှ ပညာရေးဆု့းခန်းတိုင်ဖို့ ကူညီချင်တယ်။ အဲ့ဘုန်းကြိးကျောင်းလေးကို တိုက်ရိုက်သွားချင်ကြရင်လဲ ရန်ကုန် သို့မဟုတ် ပဲခူးကနေ လွယ်လွယ်ကူကူသွားနိုင်ပါတယ်။ တကယ်လို့ စိတ်ဝင်စားတဲ့လူရှိရင် ကျွန်မကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။

Monday, December 15, 2008

ကျေးဇူးတင်ပါတယ်..

အိမ်ကိစ္စ ကျောင်းကိစ္စတွေရှုပ်နေတာနဲ့ မင်္ဂလာသာစည်မေးလ်လဲ မစစ်ဖြစ်။ လှူချင်တဲ့သူတွေကိုလဲ ပြန်မဖြေနိုင်နဲ့ တော်တော်တာဝန်မဲ့နေတာတော့ကြာပြီ။ အားလုံးကို ဒီကနေပဲ အနူးအညွတ်တောင်းပန်ပါတယ်။ ကိုကလိုစေးထူးဘလော့မှာ တင်ပေးပြီးထဲက လျူချင်တဲ့သူတွေက အီးမေးလ်တွေပို့ပြီးဆက်သွယ်ကြပါတယ်.။ ကျေးဇူးအများကြီးတင်ပါတယ် ကိုကလိုစေးထူး။.

အဓိကကတော့ စေတနာထက်သန်သူတွေအနေနဲ့ ကျွန်မဆီက ပြန်ပို့တဲ့ မေးလ်မရပဲ ဒီဘလော့လေးကို ၀င့်ကြည့်မိရင် ကျောင်းအကြောင်းလေး သိရအောင်ပါ။ မလေးရှားလူမျိုးတစ်ယောက်ကလဲ သူ့သူငယ်ချင်းတစ်ယောက်ဆီက သတင်းရလို့လှူချင်လို့ဆိုပြီးဆက်သွယ်ပါတယ်။ သူက ကျောင်းသားတစ်ယောက်လုံးရဲ့ တာဝန်ကိုယူချင်တာပါ။ ဒါကျတော့ ကျွန်မအနေနဲ့လဲ မခန့်မှန်းနိုင်တဲ့ အနေအထားဖြစ်နေတဲ့အတွက် သူကျေနပ်မဲ့ အဖြေမျိုးအပေးနိုင်ခဲ့ပါဘူး။ ပြီးတော့ ကျွန်မအနေနဲ့လဲ ဒွလိုမျိုး မလှူစေချင်တာလဲ ပါပါတယ်.။ ဒုက္ခရောက်နေတဲ့ ကလေးတွေအများကြီးထဲက တစ်ယောက်ထဲပဲ ကျွန်မရွေးလှူရမယ်ဆို ကျွန်မ ဘယ်သူ့ရွေးရမလဲ.။ ကျွန်မတစ်ခုတော့ စဉ်းစားထားတယ်.။ ဒီ ဘ/က ကျောင်းလေးကနေ ပညာထူးချွန်လို့ အထက်တန်းအထိ အဆင့်ကောင်းကောင်းနဲ့ တက်နိုင်တဲ့ ကလေးဆို ဆယ်တန်းအထိ ထောက်ပံ့ဖို့လေး စိတ်ကူးမိတယ်။ ဒါဆို ကျန်တဲ့ ကလေးတွေလဲ အားကြိုးမာန်တက် လိုက်ကြိုးစားကြမှာပဲ.။ ဒါပေမဲ့ ဒါကတော့ နည်းနည်းအကုန်အကျများမှာ ဖြစ်တဲ့အတွက် အဲလိုကလေးတွေကို ထောက်ပံ့ဖို့ အဖွဲ့မျိုးလေးဖွဲ့ပြီး ကူညီမလား စဉ်းစားမိတယ်.။ ဒါပေမဲ့လဲ ကျွန်မအနေနဲ့လဲ အဲထိအထိ လက်လှမ်းမမှီပါဘူး။ အဲလိုကူညီချင်သူများ ရှိရင် ကိုယ့်သူငယ်ချင်းမိတ်ဆွေများနဲ့ စုပြီးဖြစ်ဖြစ် လှူဖို့စိတ်ကူးလေးများရှိရင်လဲ ဆက်သွယ်ကူညီနိုင်ပါတယ်လို့။

နောက်ပြီး ဒီလ ၃၀ရက်နေ့ ကျွန်မ မြန်မာပြည်ပြန်ပါမယ်..။ ကျွန်မ ပြန်ပေမဲ့ စင်္ကာပူမှာ စိတ်ရော လူရော ငွေအားပါ ကူညီနေတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ (Mingalar.tharsi@gmail.com) ကိုသာဝင်ပြီး သူနဲ့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

ကျွန်မကတော့ ကလေးတွေဆီသွားပြီး ဘုန်းဘုန်းဆီလဲ အကျိုးအကြောင်းလျှောက်ထားပြီး ဘာတွေလုပ်ပေးနိုင်ဦးမလဲ သွားကြည့်ရဦးမယ်။ လှူပြီးသား အလှူရှင်တွေရဲ့ အမည်တွေလဲ ကျောက်သင်ပုန်းပေါ်ရေးပြီး ဓါတ်ပုံရိုက်လာချင်သေးတယ်။
နောက် ကျွန်မ အလှူရှင်တွေရဲ့ နာမည်တွေနဲ့ အလှူငွေစာရင်းကိုလဲ ဒီဘလော့လေးမှာ တင်ပြချင်ပါတယ်။ လူကြားထဲ ကြွားစေတယ်ရယ် စိတ်ထားမထားပဲ ကိုယ်ပြုတဲ့အလှု အမြဲအမှတ်ရနေစေဖို့နဲ့ အခြားသူများလဲ သာဓုခေါ်လို့ မုဒိတာပွားနိုင်စေရန်သာ ရည်ရွယ်ပါတယ်။ (မဖော်ပြစေလိုသူများ mingalar.thar@gmail.com) ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

Thursday, December 4, 2008

ကျေးဇူးအများကြီးတင်ပါတယ် ကိုကလိုစေးထူး

ကျွန်မ ကိုယ်ယူထားတဲ့တာဝန်ကို ပစ်ထားတာ တော်တော်လဲ ကြာနေပြီ။ မြန်မာနိုင်ငံအတွက်တော့ ပညာတက်ဖို့တဲ့ ဗိုက်ပြည့်ဖို့အရေးကြီးနေတဲ့ ခေတ်ဆိုတော့ ကိုယ့်ကလေးတွေအရေးကို ခဏနောက်ဆုတ်ထားလိုက်မိတာ။ လကုန်တိုင်း ကိုယ်စုထားတဲ့ ပိုက်ဆံလေးပဲပုံမှန်ပို့နေပြီး ကလေးတွေတောင်မှ အဆင်ပြေပြေစာသင်နိုင်ရဲ့လား စိုးရိမ်မိတယ်။ ကျွန်မ အဲလိုလေးတွေ ၀ါသနာပါတယ်။ အမျိုးထဲမှာ ပညာသင်ချင်ရက်နဲ့ ကျောင်းမနေနိုင်တဲ့ကလေးတွေဆိုထဲ ကျွန်မကျောင်းထားပေးတယ်။ ကျွန်မ အဖေနဲ့အမေကလဲ ဒီလိုမျိုးတွေသိပ်ကူညီတက်ပါတယ်။ မိဘဆီက ကောင်းတဲ့သွေးဆိုလို့ ကျွန်မမှာဒီတစ်ခုပဲ ပါတယ်ထင်ပါရဲ့။ ကျွန်မကိုယ်တိုင်တော့ စာကျက်အလွန်ပျင်းပါတယ်။ assignment လုပ်စရာရှိတဲ့အချိန်ဟာ ကျွန်မအတွက်တော့ တကယ့်ငရဲအလားပဲ။
တနေ့တော့ မြန်မာ ဘလော့ဂါလောကမှာတော့ နာမည်ရှိပြီးသား အကိုကြီးတစ်ယောက်က သူပိုက်ဆံလှူချင်ပါတယ်လို့ လာပြောပါတယ်..။ ကွန်မလဲ အရမ်းဝမ်းသာသွားတယ်။ ဆုတွေတစ်သီကြီးပေးရင်း သူနောက်ထပ်ပြောလိုက်တဲ့စကားကမှ ပိုတန်ဖိုးရှိနေပါတယ်။ သူ့ဘလော့မှာလဲ တင်ပြီး အလှူခံပေးပါမယ်တဲ့။ ကျွန်မအရမ်းပျော်သွားတယ်။ ကျွန်မဘလော့လေးက ကျွန်မကလဲ ပို့စ်မတင် တစ်ရက်နေလို့တောင် လာကြည့်တဲ့သူ တစ်ယောက်ရှိချင်မှရှိတာ။ ဘုန်းဘုန်းတစ်ပါးဟောတာ ကြားဖူးတယ်..။ ကိုယ်တိုင်လှူတာထက် သူများကိုလဲ လှူချင်အောင်တိုက်တွန်းတာ ပိုကုသိုလ်ရတယ်တဲ့။ အကိုကလိုစေးထူး http://klosayhtoo.blogspot.com/2008/11/blog-post_18.html ကုသိုလ်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ လိုရာဆန္ဒ တစ်လုံးတစ်ဝထဲပြည့်စုံပြီး ဒီထက်ဒီထက်အောင်မြင်ပါစေ။
ဘာပဲပြောပြော ကျွန်မစေတီဘုရားတွေကို လှူခဲတယ်။ ရှိတော့ရှိတယ် ရှားတယ်။ နောက်ပြီး ကိုယ်တစ်ခုလိုချင်လို့ တစ်ခုလှူတာမျိုးလဲ သဘောမကျဘူး..။ အဲဒီအတွက် ကျွန်မ ဆုဆိုတာကိုတောင်းခဲတယ်။ ကျွန်မရဲ့ နောင်ဘ၀ အရေးဆိုတာထက် လက်ရှိစာမသင်နိုင်ဆင်းရဲငတ်ပြတ်နေတဲ့ကလေးတွေ မိဘမဲ့ကလေးတွေကို ကျွန်မပိုအလေးထားတယ်။ သူတို့မှာ ဆုတောင်းဖို့တစ်ကြိမ်ပဲအခွင့်အရေးရှိတဲ့ ကြိုးစင်တင်ခံထားရတဲ့ ရာဇ၀တ်သားတွေလိုပဲ။ ခုချိန်မှာ မြေတောင်မြှောက်ပေးမဲ့သူမရှိရင် သူတို့ဘ၀တစ်သက်တာဟာ သွားရောပဲ။ ကျွန်မငယ်ငယ်ထဲက သိပ်လုပ်ချင်တဲ့ အလုပ်တစ်ခုရှိတယ်။ ကျွန်မပိုက်ဆံတွေအများကြီးရှိတဲ့နေ့ မြန်မာပြည်ပြန်ပြီး မိဘမဲ့ဂေဟာလေးတစ်ခု ဖွင့်ချင်တယ်..။ ကျွန်မဗိုက်ဆာရင် လုံးဝမနေတက်ဘူး။ မူးနောက်ပြီး တခါတလေများဆို ဒေါသတွေပါထွက်လာတက်တယ်.. စိတ်မရှည်တော့ဘူး။ ဘီလူးလိုပဲ။ အဲလိုပဲ စားစရာမရှိ တစ်ရက်မှာ ထမင်းတစ်နပ်နဲ့ အသက်ရှင်နေရတဲ့ ကလေးတွေ သူတို့ဘယ်လိုခံစားရမလဲ။
ကျွန်မတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ကောင်မလေးဆို သူတို့ငယ်ငယ်ကဘ၀လေးတွေကို ပြောပြတက်တယ်။ သူတို့မှာကျွန်မတို့ထက် ဘ၀အတွေ့အကြုံအများကြီးပိုတယ်။ ဒီဘုန်းကြီးကျောင်းလေး ရှိတဲ့ရွာကပါပဲ။ ရွာမှာ သူ့အဖေအမေနဲ့ သူ့အကိုအကြီးဆုံးတို့ လယ်ထဲဆင်းတဲ့လူဆင်း ကြုံရာကျပန်းအလုပ်လုပ်ဖို့ သွားတဲ့သူ သွားတဲ့အချိန်ဆို သူက ကျန်တဲ့ အငယ်တွေကိုထိမ်းရင်း ကျန်ခဲ့တက်ပါတယ်။ နေ့လည်ထမင်းစားချိန်ဆို ဇလုံကြီးထဲ ထမင်းကြမ်းကြမ်းကြီးတွေထည့်။ ဘယ်လောက်ကြမ်းလဲဆို ၀ါးလို့တောင် မကြေပါဘူးတဲ့။ ဆား ဒါမှမဟုတ် ငပိလေးပုံပြီး.. မောင်နှမတွေ တစ်လုပ်စားလိုက် ပြေးစော့လိုက်.. စားလိုက်စော့လိုက်နဲ့ စားမှစားလို့အဆင်ပြေပါသတဲ့..။ သူ့အနေနဲ့တော့ စားနေကျလိုဖြစ်နေပေမဲ့ အငယ်လေးတွေအနေနဲ့တော့ ကျွန်မ တွေးတောင်မကြည့်ရဲပါဘူး။
ရွာမှာ နောက်မိသားစု တစ်စုရှိသေးတယ်။ ကလေးတွေဆိုတာ တော်တော် ကြီးကြီးထိအ၀တ်အစားမပါဘူး။ အဲ့တိုင်းပဲ ဖုန်ထဲလူးနေကြတာပဲ။ ဖအေက ချမ်းသာတဲ့ မိသားစုကမွေးပြိး ပေလွန်းလို့ ဒီအခြေအနေထိရောက်သွားတာ။ သူပေတာက ပေတာ မွေးထားတဲ့ ကလေးတွေက လူလုပ်ဖို့ အများကြီးကျန်သေးတယ်။ ဆောင်းတွင်းဆိုချမ်းလွန်းရင် ၀တ်စရာအ၀တ်အစားတောင် အပြည့်အစုံမရှိတာ စောင်ဆိုတာ ဝေလာဝေး။ အဲဒါညညဆို တဲအောက်မှာ မြေတွေတူးပြီးရင် ကောက်ရိုးတွေခင်း ကလေးတွေကို ခေါင်းလေးဖေါ်ပြီးထည့်ပြီး အပေါ်က ကောက်ရိုးနဲ့ပြန်အုပ်ပြီး အိပ်ကြရတာ။ သားသမီးတွေဟာလည်း တစ်ယောက်တလေတောင် သေစာရှင်စာတောင်မတက်ကြပါဘူး။
အဲဒီလိုမိသားစုတွေကြည့်ရတာ ကျွန်မ မိဘတွေကိုပြေးပြေးရိုက်ပစ်ချင်တယ်။ ကျွန်မမိဘတွေကိုလဲ အရမ်းကျေးဇူးတင်မိတယ်..။ ကျွန်မတို့မောင်နှမတတွေ အပူအပင်မရှိ စာသင်ခဲ့ သူများကြားမှာ မျက်နှာမငယ်အောင် ထားခဲ့တဲ့ ကျေးဇူးတွေအတွက်။ သားသမီးဆိုတာ မိဘကို ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဒီကလေးတွေလဲ သူများဝတ်သလိုဝတ် စားချင်သလိုစားချင်ကြရှာမှာပဲ။ အဲသလို ကျွန်မတို့နဲ့မတူ ဘ၀အကျိုးပေးမကောင်းလို့ ဆင်းဆင်းရဲရဲနဲ့ ပညာမသင်နိုင် ထမင်း၀၀လင်လင်မစားနိုင်တဲ့ ကလေးတွေကို ကျွန်မတို့မှ မကူညီ ဘယ်သူတွေက ကူညီကြမှာတဲ့လဲ.။

Friday, June 13, 2008

ကျောင်းနေအရွယ်ကလေးငယ် ဖေးတွယ်ကူမ စောင့်ရှောက်ကြ (၂) (ဘလော့ရဲ့ ဒုတိယပို့စ်ရဲ့ အဆက်ပါ)


စာသင်ပေးတဲ့ ဘုန်းဘုန်းက ဦးလေးသူငယ်ချင်းဆိုတော့ ကျွန်မတို့ကတော့ လူနံမည်နဲ့ တွဲပြီး ဘုန်းဘုန်းစိန်ဝင်းကြိုင်လို့ပဲ ခေါ်ပါတယ်။ အရင်ကတော့ ကျွန်မဦးလေးနဲ့ အရက်သောက်ဖော်တွေပါ။ ဦးလေးက အရက်နဲ့ ပဲဆုံးသွားတော့ ဦးလေးဆုံးတုန်းကတော့ ကွန်မတို့ဘက်က အမျိုးအင်အားတောင့်တော့ စည်စည်ကားကား သဂြိုလ်နိုင်ပေမဲ့ သူသေရင် လမ်းဘေးသေရမှာက အစ အကျွတ်တရားတွေရပြီး သာသနာ့ဘောင်ကို ရာသတ်ပန်ဝင်သွားတာပါ။ ကိုယ်တိုင်ကလဲ ပညာတက်တစ်ယောက် ဘ၀အသိတွေကလဲ အများကြီးရှိထားတဲ့သူဆိုတော့ ကလေးတွေကို တက်စေ ဖြစ်စေချင်တဲ့ စေတနာတွေနဲ့ အလွန်အပင်ပန်းခံ သင်ကြားပေးနေပါတယ်။

ကလေးတွေက ၂ တန်းလောက်ဆိုပေမဲ့ တစ်ချို့ဆို ၁၀ နှစ် လောက်ရှိနေပါပြီ။ ဦးနှောက်တွေကလဲ ဖွံ့ဖြိုးနေတဲ့အချိန်ဆိုတော့ ဘုန်းဘုန်းက ၄တန်းကလေးလောက်ဆိုရင်လဲ လေးတန်းစာလောက်နဲ့ မရပ်နေပဲ ၅တန်း ၆တန်း ပညာတွေအထိ သင်ကြားပေးနေပါတယ်။ အခုလို ဘုန်းတော်ကြီးသင် အခမဲ့ကျောင်းထွက် ကလေးတွေကို အစိုးရ အထက်တန်းကျောင်းတွေက ကျောင်းသားတွေအနေနဲ့ လျှော့တွက် အထင်သေးကြပါတယ်။ အဲလောက်မဖြစ်ရအောင် ဆ၇ာတော်က ကလေးတွေ အထက်တန်းကျောင်းပြောင်းရင် သူများတွေထက် သာနေဖို့ကို အစစအရာရာကြိုတွေးပြီး အားသွန်ခွန်စိုက် သင်ကြားပေးနေတာ အရမ်းပဲ လေးစားစရာကောင်းပါတယ်။

ကျွန်မလဲ ဒါလေးတွေမြင်ရတော့ ကိုယ်တိုင်လှူယုံနဲ့ အားမရနိုင်ပဲ ကွန်မရဲ့ သူငယ်ချင်းတွေကိုလဲ ကုသိုလ်မျှဝေလိုလာတာနဲ့ ဘုန်းဘုန်းကို တက်နိုင်သလောက် အလှူငွေကောက်ခံပေးပါမယ်လို့ ကတိပြုခဲ့ပါတယ်။ နောက်အခုလို Internet မှာ ဘလော့လေးဖွင့်ပြီးပါ အလှူခံပေးပါမယ်ဆိုတော့ ဘုန်းဘုန်းက အလွန်တရာကို ၀မ်းသာနေပါတယ်။ ကွန်မလဲ ရှိစုမဲ့စု လေးတွေလှူရင်း ကိုယ်ပြုတဲ့ကုသိုလ်ကိုယ် အရမ်းကျေနပ်မိပါတယ်။

နောကတစ်နေ့ ဘုန်းဘုန်းဆီက လက်ကမ်းစာစောင်လေးတွေနဲ့ လိုအပ်တာလေးတွေ ယူဖို့အသွားမှာ လမ်းမှာ တွေတဲ့ ကလေးလေးတွေကို ကျွန်မကို နှုတ်ဆက်ကြပါတယ်။ "မကြီးဘယ်သွားမှာလဲ" "မကြီး ကျွန်တော်တို့ကျောင်းကို သွားမလို့လား" နဲ့။ ကျွန်မမှာ ပါးစပ်ကို စိလို့မရပါဘူး။ သူတို့ကို ဖြေရင်းနဲ့ ကျေနပ်နေမိတာ.။ အဲ့ပီတိက တကယ့်ကို အရသာရှိပါတယ်။ကလေးတွေအတွက်လဲ တက်နိုင်သလောက် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်မိပါတယ်။

ဒါတောင် ကျွန်မသွားခဲ့တာ ကျောင်း ၆ ကျောင်းထဲက အခမ်းနားဆုံးကျောင်းပါ။ တစ်ချို့ကျောင်းတွေမှာ စာရေးခုံမရှိပါဘူး။ ဖင်ထိုင်ခုံ ခုံတန်းရှည်လေးတွေ ၃ ၄ ခုံကို စာရေးခုံလုပ်လို့ သင်ကြရပါတယ်။ ဖျားကြမ်းတွေခင်း ဖျာလွတ်တဲ့နေရာတွေမှာတော့ ဖိနပ်လေးတွေ ခုထိုင်ပြီး သင်ကြရတဲ့ ကလေးတွေဘ၀ဟာ သိပ်သနားစရာကောင်းတယ်။

ဆရာတော်ကတော့ ရှိတဲ့ အဝေးသင် တက်နေတဲ့ လူငယ်တွေကိုပဲ လစာပေးလို့ ဆရာ ဆရာမအဖြစ်ခန့်အပ်ထားရပါတယ်။ တစ်ချို့လတွေဆို ဆရာ ဆရာမတွေကို လစာမပေးနိုင်လို့ လစာကြွေးတင်တဲ့ လတွေတောင်ရှိပါတယ်။

အဲဒီအတွက်ဆရာတော်က မတည်ငွေ သိန်းတစ်ရာ နဲ့ လစဉ်အလှူငွေဆိုပြီး ခွဲခြားထားပြီး အလှူခံနေပါတယ်။ အခုထိတော့ ကွန်မနေထိုင်ရာ စင်ကာပူမှာ ရှိတဲ့ လက်လှမ်းမှီတဲ့ လူတွေဆီကပဲ အလှူခံနေပါတယ်။ လစဉ်အလှူငွေအနေနဲ့ကတော့ ခုထိ သက်သက်မှတ်မှတ်မရှိသေးပါဘူး။

သူငယ်ချင်းတို့လဲ စင်ကာပူကဆိုရင် တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။
အခြားနိုင်ငံတွေကလဲ တစ်ယောက်လောက်က တာဝန်ယူ ကောက်ခံပေးနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲ။
မေးချင်တာရှိရင် ယခု CBox ထဲမှာ နှင့် mingalar.tharsi@gmail.com ကို add ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သေပျော်ပျော်ဆိုတာ ဒါမျိုးထင်ပါရဲ့


မနေ့က ဆွေမျိုးနီးစပ်တော်တဲ့ ညီမ၀မ်းကွဲလေးတစ်ယောက်ရဲ့ အသုဘ လိုက်ပို့ခဲ့ရပါတယ်။ ကလေးအသက်လဲ သေချာမသိ.. မေးရမှာလဲ အားနာနဲ့ အလွန်ဆုံးရှိလှ ၁၀ နှစ်ပေါ့။ အခုရေးချင်တာက အဲ့ကလေးအကြောင်းထက် စင်ကာကူ သချိုင်္င်းကုန်းအကြောင်းပါ။ ဒီမှာနေထိုင်တာ ကြာပြီဖြစ်ပေမဲ့ အဲဒီကိုရောက်တာတော့ ဒါပထမဆုံးအကြိမ်ပါ။ ခမ်းနားလိုက်တာဆိုတာ မြန်မာပြည်က ဦးသန်းရွှေရဲ့ နန်းလှောင်အိမ်ကြီးတောင် ဒီလောက်လှပါ့မလားမသိ။ သူ့အိမ် ရောက်တော့ မရောက်ဖူးပါဘူး :P ။
အတွင်းရောက်ဖို့လဲ တော်တော်ဝေးပါတယ်။ အဆောက်အဦးတွေကလဲ များလိုက်တာဆိုတာ။ service halls တွေ viewing Halls တွေနဲ့ စနစ်ကျကျ လှလိုက်တာဆိုတာ။ အထဲရောက်တော့ ကားက ၀င်သွားတာ အရှိန်လွန်သွားပြီး အတွင်းဘက်ထဲထိရောက်သွားလို့ အ၀ပြန်ရောက်ဖို့ လမ်းတော်တော်ပြန်လျှောက်လိုက်၇တယ်။ အ၀မှာ ကျန်တဲ့အဖွဲ့တွေနဲ့ဆုံတော့ ခုနက ကိုယ်လျှောက်လာတဲ့ဘက်ဆီပဲ သူတို့ကသွားမှာ။ လျှာကို ထွက်ရော။
အဲ့ အတွင်းဘက်ကနေ Car Park ကိုဆင်း။ Car Park နောက်မှာ ရှိတဲ့ တံခါးကနေ စအ၀င်မှာတော့ အေးစိမ့်နေတဲ့ အဲကွန်းနဲ့ အတွင်းက အပြင်အဆင်တွေကို လူကို ဖမ်းစားသွားတော့တာပါပဲ။ ရေကန်သေးသေးလေးနဲ့ ကျောက်ခဲလေးတွေ စီထားတဲ့ ကန်လေးကလဲ လှလိုက်တာ။ မှန်တံခါးကြီးတွေနဲ့ နံရံလှလှကြီးတွေကလဲ သချိုင်္င်းနဲ့ တောင် မလိုက် လှလိုက်တာ။ Service Hall တွေဆီရောက်ဖို့ ဓါတ်လှေခါးအမြင့်ကြီးကို စီးလိုက်ရသေးတယ်။ service Hall ထဲရောက်မှ သူတို့ ဟောနဲ့ မြန်မာ ဗုဒ္ဓဘာသာ ထံးတမ်းအစဉ်အလာနဲ့ ဒုက္ခတွေ့တော့တာပဲ။ ခန်းမက အားကစားကွင်းတွေလို ခုံတွေက တဖြည့်ဖြည်းမြင့်တက်သွားတာမျိုး။ အောက်ဆုံး ကြမ်းပြင်အညီမှာမှ အခေါင်းထားတဲ့ နေရာဆိုတော့ ဘုန်းကြီးတွေက ဘယ်လိုတရားပေးရမှန်းမသိတော့ဘူး။ အဲဒါနဲ့ အခေါင်းထားတဲ့ နေရာဘေးကို ခုံတန်းတစ်ခုကို ရွှေ့ပြီး ဘုန်းဘုန်းတွေကို ထိုင်ခိုင်းရတယ်။ မိသားစုတွေကတော့ ဘုန်းဘုန်းတွေရှေ့က ရှိတဲ့ နေရာလေးမှာပဲ ဆန့်အောင်ထိုင်ပြီး ကျန်တဲ့ ပ၇ိတ်သတ်ကတော့ ဘုန်းကြီးတွေရဲ့ အမြင့်မှာထိုင်ပြီး လက်အုပ်လေးတွေချီပြီး ကန်တော့လိုက်ရတော့တာပဲ။
ရေစက်ချအပြီးမှာတော့ သဂြို င်္မဲ့နေရာကို မြင်ရတဲ့ viewing room ကိုသွားကြရပါတယ်။ တစ်ဆင့် တစ်ဆင့်မြင်တက်သွားတဲ့ အခန်းလေးကနေ အောက်ထဲမှာရှိတဲ့ အခန်းလေးက အခေါင်းလေးက တရွေ့ရွေ့ မီးသဂြိုင်္ခန်းလေးထဲဝင်သွားတာကို မြင်ရတာ မျက်ရည်ခိုင်တဲ့သူတွေတောင် မျက်ရည်ကျမိပါတယ်။ ၀မ်းလဲနည်းရင်း နိုင်ငံရဲ့တိုးတက်မှုတွေကို အံ့သြရင်းနဲ့ ၀မ်းနည်း အံ့သြကြီးကို ဖြစ်နေရတာပါပဲ။ အပင်လှလှလေးတွေ ပြာအိုးလေးတွေထားတဲ့ နေရာတွေ အဆောက်ဦးလှလှကြီးတွေ အလှမွေးငါးကန်လေးတွေနဲ့ သချို င်္င်းက ခြောက်ခြားစရာ ဖြစ်နေရမဲ့အစား အရမ်းကို ခမ်းနားကြီးကျယ်နေတော့တာပါပဲ။
နောက်ထပ်တစ်ခေါက်လောက်တော့ နှံ့စက်အောင် သွားကြည့်လိုက်ဦးမယ်။ မီးသဂြို င်္စက်ထဲတော့ မကြည့်ချင်ဘူးနော်။ သူငယ်ချင်းတို့လဲ အားရင် ဗဟုသုတ အလို့ငှာ သွားရောက်ကြည့်သင့်တယ် ထင်တာပဲ။

Friday, April 11, 2008

ကောင်းနေအရွယ် ကလေးငယ် ဖေးတွယ်ကူမ စောင့်ရှောက်ကြ

ကျွန်မ ၁၁.၁.၂၀၀၈ နေ့မှာ ကျရောက်တဲ့ အဖေ့ရဲ့ ၅နှစ်ပြည့် နှစ်လည်အတွက် အဘွားရွာရဲ့ ဘုန်းကြီးကျောင်းတစ်ခုခုမှာ ဆွမ်းကျွေးဖို့ စဉ်းစားမိတော့ အမျိုးတွေက ကလေးတွေကို အလကားစာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်..အဲ့ဒီမှာ ကလေးတွေကို သွားကျွေးပါလားဆိုလို့ မကျွေးခင် ဘုန်းဘုန်းကို ဘယ်လိုလှူရမလဲဆိုတာ မေးဖို့ ကြိုရောက်သွားခဲ့ပါတယ်။
ကျွန်မတို့ရွာရဲ့ အစွန်အဖျားနားက သာစည်မြို့ကနေ မြေပြိုလို့ ပြောင်းလာပြီး သာစည်မြို့သစ်လို့ အမည်တွင်နေတဲ့ နေရာလေးမှာ ရှိတဲ့ မင်္ဂလာသာစည်ဆိုတဲ့ ကျောင်းလေးကို ရောက်ခဲ့ပါတယ်။


ကျောင်းရောက်တော့ ဘုန်းဘုန်းက အားတက်သရောပဲ လှူချင်ရင်တော့ စားစရာဆိုတာက တစ်ခါစားပြီး ကလေးတွေအတွက် ဘာမှ အကျိုးမကျန်ခဲ့ဘူး။ လှူမဲ့ငွေလေးနဲ့ပဲ ကလေးတွေ အတွက် လိုအပ်တာလေးလှူပေးပါဆိုပြီး ကလေးတွေရဲ့ ဘ၀ကိုပြောပြပါတယ်။
ဘုန်းဘုန်းက သူလက်လှမ်းမှီရာ ဆင်းရဲတဲ့ ဒေသလေးတွေမှာ မူလတန်းလွန်ကျောင်းလေး ၆ ကျောင်းကို ဖွင့်လှစ်ပြီး ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေကို အခမဲ့ပညာသင်ကြားပေးနေပါတယ်။ အစပထမပိုင်းမှာတော့ ဘုန်းဘုန်းက ဆင်းရဲတဲ့ နယ်အစုံက ပညာမသင်ကြားနိုင်တဲ့ ကလေးတွေရဲ့ မိဘတွေကိုလိုက်ပြီး စည်းရုံးရပါတယ်။ အဲဒီလိုဒေသမျိုးမှာတော့ အခမဲ့ သင်ကြားပေးပါတယ်ဆိုရင်တောင် အဲဒီ စာသင်နေတဲ့ အချိန်လေးမှာ ကလေးတွေက ငါးရိုက်ဖားရိုက်နဲ့ ပိုက်ဆံရှာနိုင်တဲ့အတွက် ခွင့်မပြုကြပါဘူး။ နောက်ဆုံး ဘုန်းဘုန်းက ကြိုးစားတိုက်တွန်းပြောဆိုမှသာ ခွင့်ပြုတဲ့ မိဘတွေက ခွင့်ပြုကြပါတယ်။


ကျောင်း ၆ ကျောင်းအနက် တစ်ကျောင်းကတော့ ဘုန်းကြီးကျောင်းရဲ့ ဆွမ်းစားဆောင်အောက်မှာပဲ ဖွင့်ထားပါတယ်။ ပိုက်ဆံသွားလှူမဲ့နေ့ မနက်မှာ ဘုန်းဘုန်းက အားလုံးကို အဆင်သင့်ပြင်ပေးထားပါတယ်။ ဓါတ်ပုံတွေဘာတွေပါ ရိုက်နိုင်ဖို့အတွက်ပါ။ ရောက်တော့ ပိုက်ဆံမလှူခင် ဘုန်းဘုန်းက ကလေးတွေဆီကိုအရင်လိုက်ပြပါတယ်။ ဆွမ်းစားဆောင်အောက်က သံမန်တလင်းပေါ်မှာ ခုံတန်းရှည်အပုလေးတွေချပြီး စာထိုင်သင်နေတဲ့ ကလေးလေးတွေကြည့်ရတာ အရမ်းသနားစရာကောင်းလှပါတယ်။


ကျောက်သင်ပုန်းကြီးနှစ်ချပ်ရှိတဲ့ နံရံနှစ်ဘက်ရဲ့ကြားမှာ ခုံတန်းလေးတွေ စီထားပြီး ၁တန်း ၂တန်း ၃တန်း နဲ့ ၄တန်းကလေးတွေက တစ်တန်း ၅ယောက်စီလောက်နဲ့ ထိုင်နေဘကပါတယ်။သင်ပေးတဲ့ ဘုန်းဘုန်းက သူသင်မဲ့ အတန်းကို ကျောက်သင်ပုန်းကြီး တစ်ခုဘက်ကို လှည့်ခိုင်းပြီး သင်စရာရှိတာသင်။ ပြီးတော့ နောက်တစ်ဘက်ကိုပြေးပြီး နောက်တစ်တန်းကိုသင်နဲ့ ကြည့်ရတာ ရန်ကုန်မြို့က လူတွေ သိန်းပေါင်းသန်းပေါင်းများစွာလှူဒါန်းနေတဲ့ ကျောင်းတွေနဲ့ ယှဉ်ကြည့်လိုက်တော့ "ရေများရာ မိုးရွာတယ်" ဆိုတဲ့ စကားပုံက ကွင်းကွင်းကွက်ကွက်ကြီးပေါ်လာပါတယ်။ (ဆက်ရန်)