ကျွန်မ ကိုယ်ယူထားတဲ့တာဝန်ကို ပစ်ထားတာ တော်တော်လဲ ကြာနေပြီ။ မြန်မာနိုင်ငံအတွက်တော့ ပညာတက်ဖို့တဲ့ ဗိုက်ပြည့်ဖို့အရေးကြီးနေတဲ့ ခေတ်ဆိုတော့ ကိုယ့်ကလေးတွေအရေးကို ခဏနောက်ဆုတ်ထားလိုက်မိတာ။ လကုန်တိုင်း ကိုယ်စုထားတဲ့ ပိုက်ဆံလေးပဲပုံမှန်ပို့နေပြီး ကလေးတွေတောင်မှ အဆင်ပြေပြေစာသင်နိုင်ရဲ့လား စိုးရိမ်မိတယ်။ ကျွန်မ အဲလိုလေးတွေ ၀ါသနာပါတယ်။ အမျိုးထဲမှာ ပညာသင်ချင်ရက်နဲ့ ကျောင်းမနေနိုင်တဲ့ကလေးတွေဆိုထဲ ကျွန်မကျောင်းထားပေးတယ်။ ကျွန်မ အဖေနဲ့အမေကလဲ ဒီလိုမျိုးတွေသိပ်ကူညီတက်ပါတယ်။ မိဘဆီက ကောင်းတဲ့သွေးဆိုလို့ ကျွန်မမှာဒီတစ်ခုပဲ ပါတယ်ထင်ပါရဲ့။ ကျွန်မကိုယ်တိုင်တော့ စာကျက်အလွန်ပျင်းပါတယ်။ assignment လုပ်စရာရှိတဲ့အချိန်ဟာ ကျွန်မအတွက်တော့ တကယ့်ငရဲအလားပဲ။
တနေ့တော့ မြန်မာ ဘလော့ဂါလောကမှာတော့ နာမည်ရှိပြီးသား အကိုကြီးတစ်ယောက်က သူပိုက်ဆံလှူချင်ပါတယ်လို့ လာပြောပါတယ်..။ ကွန်မလဲ အရမ်းဝမ်းသာသွားတယ်။ ဆုတွေတစ်သီကြီးပေးရင်း သူနောက်ထပ်ပြောလိုက်တဲ့စကားကမှ ပိုတန်ဖိုးရှိနေပါတယ်။ သူ့ဘလော့မှာလဲ တင်ပြီး အလှူခံပေးပါမယ်တဲ့။ ကျွန်မအရမ်းပျော်သွားတယ်။ ကျွန်မဘလော့လေးက ကျွန်မကလဲ ပို့စ်မတင် တစ်ရက်နေလို့တောင် လာကြည့်တဲ့သူ တစ်ယောက်ရှိချင်မှရှိတာ။ ဘုန်းဘုန်းတစ်ပါးဟောတာ ကြားဖူးတယ်..။ ကိုယ်တိုင်လှူတာထက် သူများကိုလဲ လှူချင်အောင်တိုက်တွန်းတာ ပိုကုသိုလ်ရတယ်တဲ့။ အကိုကလိုစေးထူး
http://klosayhtoo.blogspot.com/2008/11/blog-post_18.html ကုသိုလ်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ လိုရာဆန္ဒ တစ်လုံးတစ်ဝထဲပြည့်စုံပြီး ဒီထက်ဒီထက်အောင်မြင်ပါစေ။
ဘာပဲပြောပြော ကျွန်မစေတီဘုရားတွေကို လှူခဲတယ်။ ရှိတော့ရှိတယ် ရှားတယ်။ နောက်ပြီး ကိုယ်တစ်ခုလိုချင်လို့ တစ်ခုလှူတာမျိုးလဲ သဘောမကျဘူး..။ အဲဒီအတွက် ကျွန်မ ဆုဆိုတာကိုတောင်းခဲတယ်။ ကျွန်မရဲ့ နောင်ဘ၀ အရေးဆိုတာထက် လက်ရှိစာမသင်နိုင်ဆင်းရဲငတ်ပြတ်နေတဲ့ကလေးတွေ မိဘမဲ့ကလေးတွေကို ကျွန်မပိုအလေးထားတယ်။ သူတို့မှာ ဆုတောင်းဖို့တစ်ကြိမ်ပဲအခွင့်အရေးရှိတဲ့ ကြိုးစင်တင်ခံထားရတဲ့ ရာဇ၀တ်သားတွေလိုပဲ။ ခုချိန်မှာ မြေတောင်မြှောက်ပေးမဲ့သူမရှိရင် သူတို့ဘ၀တစ်သက်တာဟာ သွားရောပဲ။ ကျွန်မငယ်ငယ်ထဲက သိပ်လုပ်ချင်တဲ့ အလုပ်တစ်ခုရှိတယ်။ ကျွန်မပိုက်ဆံတွေအများကြီးရှိတဲ့နေ့ မြန်မာပြည်ပြန်ပြီး မိဘမဲ့ဂေဟာလေးတစ်ခု ဖွင့်ချင်တယ်..။ ကျွန်မဗိုက်ဆာရင် လုံးဝမနေတက်ဘူး။ မူးနောက်ပြီး တခါတလေများဆို ဒေါသတွေပါထွက်လာတက်တယ်.. စိတ်မရှည်တော့ဘူး။ ဘီလူးလိုပဲ။ အဲလိုပဲ စားစရာမရှိ တစ်ရက်မှာ ထမင်းတစ်နပ်နဲ့ အသက်ရှင်နေရတဲ့ ကလေးတွေ သူတို့ဘယ်လိုခံစားရမလဲ။
ကျွန်မတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ကောင်မလေးဆို သူတို့ငယ်ငယ်ကဘ၀လေးတွေကို ပြောပြတက်တယ်။ သူတို့မှာကျွန်မတို့ထက် ဘ၀အတွေ့အကြုံအများကြီးပိုတယ်။ ဒီဘုန်းကြီးကျောင်းလေး ရှိတဲ့ရွာကပါပဲ။ ရွာမှာ သူ့အဖေအမေနဲ့ သူ့အကိုအကြီးဆုံးတို့ လယ်ထဲဆင်းတဲ့လူဆင်း ကြုံရာကျပန်းအလုပ်လုပ်ဖို့ သွားတဲ့သူ သွားတဲ့အချိန်ဆို သူက ကျန်တဲ့ အငယ်တွေကိုထိမ်းရင်း ကျန်ခဲ့တက်ပါတယ်။ နေ့လည်ထမင်းစားချိန်ဆို ဇလုံကြီးထဲ ထမင်းကြမ်းကြမ်းကြီးတွေထည့်။ ဘယ်လောက်ကြမ်းလဲဆို ၀ါးလို့တောင် မကြေပါဘူးတဲ့။ ဆား ဒါမှမဟုတ် ငပိလေးပုံပြီး.. မောင်နှမတွေ တစ်လုပ်စားလိုက် ပြေးစော့လိုက်.. စားလိုက်စော့လိုက်နဲ့ စားမှစားလို့အဆင်ပြေပါသတဲ့..။ သူ့အနေနဲ့တော့ စားနေကျလိုဖြစ်နေပေမဲ့ အငယ်လေးတွေအနေနဲ့တော့ ကျွန်မ တွေးတောင်မကြည့်ရဲပါဘူး။
ရွာမှာ နောက်မိသားစု တစ်စုရှိသေးတယ်။ ကလေးတွေဆိုတာ တော်တော် ကြီးကြီးထိအ၀တ်အစားမပါဘူး။ အဲ့တိုင်းပဲ ဖုန်ထဲလူးနေကြတာပဲ။ ဖအေက ချမ်းသာတဲ့ မိသားစုကမွေးပြိး ပေလွန်းလို့ ဒီအခြေအနေထိရောက်သွားတာ။ သူပေတာက ပေတာ မွေးထားတဲ့ ကလေးတွေက လူလုပ်ဖို့ အများကြီးကျန်သေးတယ်။ ဆောင်းတွင်းဆိုချမ်းလွန်းရင် ၀တ်စရာအ၀တ်အစားတောင် အပြည့်အစုံမရှိတာ စောင်ဆိုတာ ဝေလာဝေး။ အဲဒါညညဆို တဲအောက်မှာ မြေတွေတူးပြီးရင် ကောက်ရိုးတွေခင်း ကလေးတွေကို ခေါင်းလေးဖေါ်ပြီးထည့်ပြီး အပေါ်က ကောက်ရိုးနဲ့ပြန်အုပ်ပြီး အိပ်ကြရတာ။ သားသမီးတွေဟာလည်း တစ်ယောက်တလေတောင် သေစာရှင်စာတောင်မတက်ကြပါဘူး။
အဲဒီလိုမိသားစုတွေကြည့်ရတာ ကျွန်မ မိဘတွေကိုပြေးပြေးရိုက်ပစ်ချင်တယ်။ ကျွန်မမိဘတွေကိုလဲ အရမ်းကျေးဇူးတင်မိတယ်..။ ကျွန်မတို့မောင်နှမတတွေ အပူအပင်မရှိ စာသင်ခဲ့ သူများကြားမှာ မျက်နှာမငယ်အောင် ထားခဲ့တဲ့ ကျေးဇူးတွေအတွက်။ သားသမီးဆိုတာ မိဘကို ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဒီကလေးတွေလဲ သူများဝတ်သလိုဝတ် စားချင်သလိုစားချင်ကြရှာမှာပဲ။ အဲသလို ကျွန်မတို့နဲ့မတူ ဘ၀အကျိုးပေးမကောင်းလို့ ဆင်းဆင်းရဲရဲနဲ့ ပညာမသင်နိုင် ထမင်း၀၀လင်လင်မစားနိုင်တဲ့ ကလေးတွေကို ကျွန်မတို့မှ မကူညီ ဘယ်သူတွေက ကူညီကြမှာတဲ့လဲ.။